ကိုယ်ချစ်ရသူတွေထဲမှာ စိတ်ကျရောဂါခံစားနေရသူတွေရှိနေလား??
စိတ်ကျရောဂါခံစားနေရသူတွေရဲ့ အတွေးက သာမန်လူတွေရဲ့ အတွေးနဲ့ မတူကြပါဘူး။ စိတ်ကျရောဂါဆိုတာ လူမမြင်နိုင်ပဲ အသက်အန္တရာယ်ရှိတဲ့ရောဂါတစ်မျိုးပါပဲ။
အကယ်လို့ကိုယ်ချစ်ရသူ ဒါမှမဟုတ် ကိုယ်တန်ဖိုးထားရသူတွေထဲမှာ စိတ်ကျရောဂါခံစားနေရသူတွေရှိနေတယ်ဆိုရင် ဘယ်လိုအချက်လေးတွေက သူတိုအတွက်ပိုပြီး စိတ်ဒဏ်ရာရစေလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
“အဲ့အကြောင်းတွေးမနေပါနဲ့တော့”
စိတ်ကျရောဂါခံစားနေရသူတွေက သူတို့ရဲ့ စိတ်မချမ်းမြေ့စရာ၊ ဝမ်းနည်းကြေကွဲစရာ အဖြစ်အပျက်တွေကို ခဏခဏပြန်ပြောတက်ကြပါတယ်။ ဒီလို သူတို့အတွက် မမေ့ပျောက်နိုင်တဲ့ အဖြစ်အပျက်တွေကို ပြန်တွေးရင်းရင်ဖွင့်နေတဲ့ အချိန်တစ်ပြိုင်တည်းမှာ သူ့တို့ရဲ့စိတ်ထဲမှာ သူတို့ကိုယ်သူတို့ တန်ဖိုးမဲ့တယ်၊ ကူညီသူမဲ့တယ်လို့ ခံစားနေကြရပါတယ်။ အဲ့လိုအချိန်မျိုးမှာ ကိုယ်က အဲ့အကြောင်းတွေးမနေပါနဲ့တော့လို့ ပြောမိတယ်ဆိုရင် သူတို့ကိုပိုပြီး ကူညီရာမဲ့တဲ့ အပိုလူလိုခံစားသွားရတက်ပါတယ်။
“အကောင်းဘက်ကတွေးပါ”
စိတ်ကျဝေဒနာ ခံစားနေရသူတစ်ယောက်ကို ကိုယ်က အတွေးအမြင်ပုံစံပြောင်းလဲစေချင်တဲ့ စိတ်ကြောင့် အကောင်းဘက်ကပြောင်းတွေးကြည့်ပါလို့ပြောတက်ကြပေမယ့် ဒီလိုစကားအသုံးအနှုန်းက သူတို့စိတ်ခံစားချက်ကို အပြစ်တင်သလိုဖြစ်ပြီး သူတို့အတွက် စိတ်ဓာတ်ပိုမိုကျစေပါတယ်။
“နင်ဘယ်လိုခံစားနေရလဲငါသိပါတယ်”
ဒီစကားမျိုးကိုယ်တော့ ကိုယ့်ကိုဝမ်းနည်းစရာကောင်းတဲ့ ကိစ္စတွေကိုရင်လာဖွင့်တက်ကြတဲ့ သူငယ်ချင်းတော်တော်များများကိုပြောခဲ့ကြဖူးတယ်ထင်ပါတယ်။ ဝမ်းနည်းနေသူတစ်ယောက်အတွက် "နင်ဘယ်လိုခံစားနေရလဲဆိုတာငါသိပါတယ်" ဆိုတဲ့စကားက နွေးထွေးစေတဲ့ အားပေးမှုတစ်ခုဖြစ်ပေမယ့် စိတ်ကျဝေဒနာရှင်တစ်ယောက်အတွက်တော့ သူ့ခံစားချက်တွေကို ပိုမိုဆိုးရွားလာစေပါတယ်။ သင်က ကူညီချင်တဲ့စိတ်နဲ့ ဒီလိုစကားမျိုးကိုပြောလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ သင်က သူ့ရဲ့ နာကျင်နေမှုကို သေချာမသိပဲ ပြောတယ်လို့ယူဆတာကြောင့်ပါ။
“ကိုယ့်စိတ်ကိုယ်ကို အေးအေးချမ်းချမ်းထားစမ်းပါ”
Admin ဖတ်ဖူးတဲ့ depression နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေထဲမှာဆိုရင် စိတ်ကျရောဂါခံစားနေရသူတစ်ယောက်ကို ဒီလိုစကားမျိုးပြောတာ အဆိုးဆုံးပါပဲတဲ့။ လူတိုင်းကတော့ စိတ်အပူအပင်မရှိပဲ အေးအေးချမ်းချမ်းနေချင်ကြပါတယ်။ စိတ်ကျဝေဒနာသည်တွေလည်း တူတူပါပဲ။ သူတို့က သာမန်လူတွေလို လူတိုင်းကို ရင်ဖွင့်တက်တဲ့လူမျိုးမဟုတ်ပဲ သူတို့ရဲ့ အရင်းနှီးဆုံး၊ သူတို့အပေါ်နားအလည်ဆုံး၊ ယုံကြည်ရဆုံးလို့သတ်မှတ်ထားတဲ့ သူမျိုးကိုသာ ရင်ဖွင့်လေ့ရှိတာပါ။အကယ်လို့ သင့်ကို သူတို့ရဲ့ နာကျင်ခံစားမှုတွေကို ရင်ဖွင့်နေချိန်မှာ သင်က ဒီလိုစကားမျိုးကို ပြောမိတယ်ဆိုရင်တော့ သူတို့ိကိုယ်သူတို့ ရွံရှာ ရှက်ရွံသွားပြီး နောက်တစ်ကြိမ် ရင်ဖွင့်ဖို့ခဲယဉ်းသွားပါတယ်။ ရင်ဖွင့်စရာလူမရှိပဲ တစ်ယောက်တည်း ဝမ်းနည်းမှု၊ သိမ်ငယ်မှု၊ စိတ်အားငယ်မှု၊ အစရှိတာတွေကို တစ်ယောက်တည်းခံစားလာရတဲ့အခါ သူတို့ရဲ့ စိတ်ခံစားမှု ထွက်ပေါက်က ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်မယ် သေတဲ့အကြောင်းတွေ ခဏခဏတွေးပြီး ဒီလိုစိတ်ခံစားမှုတွေကို မခံစားနိုင်တော့တဲ့ အခါမျိုးကြရင် လူ့လောကကြီးထဲကနေ အပြီးအပိုင်ထွက်သွားကြတက်ပါတယ်။
“ဒီလောက်တွေးရင် လုံလောက်ပြီလေ”
သာမန်လူတွေက တစ်စုံတစ်ခုနဲ့ပတ်သတ်ပြီး နာကျင်စရာရှိမယ်ဆိုရင် စိတ်ထဲက မမေ့ပျောက်နိုင်ပဲ တမြုံ့မြုံ့ ခံစားနေရတက်သလို စိတ်ကျရောဂါသည်တွေလည်း အတူတူပါပဲ။ သာမန်လူတွေက အချိန်အတိုင်းအတာတစ်ခုရောက်ရင် နာကျင်ခံစားရတဲ့ဒဏ်ရာတွေက မှေးမှိန်သွားပေမယ့် သူတို့အတွက်ကတော့ အမြဲတမ်းဒဏ်ရာအသစ်လို နာကျင်ခံစားနေရပါတယ်။ ဒါ့ကြောင့် ဒီလိုစိတ်ဒဏ်ရာတွေကို မကြာခဏဆိုသလိုတွေးတောမိပြီး ခံစားနေရတာကို သင်က မကြည့်ရက်လို့ ဒီလောက်တွေးရင်လုံလောက်ပါပြီ မတွေးပါနဲ့ မေ့လိုက်ပါတော့ လို့ပြောတာမျိုးက သူတို့ကို အထောက်အကူမဖြစ်စေပဲ ပိုဝမ်းနည်းစေပါတယ်။
အခုဆိုရင်တော့ ဘယ်လိုစကားလုံးအသုံးအနှုန်းလေးတွေက သူတို့အတွက် ပိုဝမ်းနည်းနာကျင်စေရလဲဆိုတာသိပြီဆိုတော့ နောက်တစ်ခေါက်မှာ ဘယ်လိုအကြောင်းအရာမျိုးကို တင်ပေးမယ်ဆိုတာ စောင့်ကြည့်ပေးကြပါဦးနော်။
-healyoursoulwithus
#Depression #healingyoursoul

Comments
Post a Comment